ရန်ကုန်မြို့ရှိ ကုန်တိုက်များ၊ ဈေးဝယ်စင်တာများနှင့်
အရောင်းဆိုင် အများစုတွင် ငွေအကြွေ ပြန်မအမ်းနိုင်မှု ပြဿာများ ယနေ့တိုင် တည်ရှိ နေသေးကြောင်း
ဈေးကွက်အတွင်းမှ သိရသည်။
“ကျွန်မတို့ ဈေးဝယ်တိုင်း ငွေအကြွေမရှိလို့
ထပ်ဝယ်ပါဦးတို့ တစ်သျှူး၊ ချိုချဉ်တွေ အစားထိုးအမ်းတာတို့ ဒီနေ့ထိ ကြုံနေရတုန်းပဲ၊
မီဒီယာတွေမှာ ပြောတော့ ဗဟိုဘဏ်တွေမှာ အကြွေတွေ လဲပေးတယ်လို့ ကြားတယ်၊ ဒါပေမယ့် အဲ့အကြွေတွေက
ဘယ်ရောက်သွားပြီး ဘာလုပ်လိုက်လဲတော့ မသိဘူး၊ ဈေးဝယ်တိုင်း အကြွေမရှိဘူးပဲ ပြောကြတယ်။”
လသာမြို့နယ်အတွင်းရှိ အသက် ၂၇အရွယ်ရှိ အမျိုးသမီး တစ်ဦးက ဆိုသည်။
ယင်းကဲ့သို့ ငွေအကြွေ ပြန်မအမ်းနိုင်မှုကြောင့်
အစားထိုး ပစ္စည်း အမ်းခြင်းများနှင့် ပတ်သတ်ပြီး ဈေးဝယ်သူများနှင့် ငွေကိုင်များ အဆင်မပြေ
ဖြစ်ပေါ်မှုများလည်း ရှိလျက်ရှိသည်။
“ကျွန်တော် ကောင်မလေးနဲ့ သူအလုပ်သွားခါနီး
မနက်စာ ဟင်းမပါလို့ တစ်ခုခုဝယ်မလို့ Ruby Mart ကို သွားတော့ ငွေကိုင်က အကြွေမရှိဘူးပြောပြီး၊
နောက်တစ်ခုခု ထပ်ဝယ်ပါတဲ့၊ ၀ယ်စရာလည်း မရှိတော့ဘူး၊
အတတ်နိုင်ဆုံး ဘေးကောင်တာတွေက လဲပေးပါလားမေးတော့၊ သူက နောက်ဈေးဝယ်သူ တစ်ယောက်ကို စောင့်လားအောင့်လားနဲ့
အရင်လုပ်ပေးပြီး ပါးစပ်က ငွေအကြွေတွေက ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူးလို့ ပြောတော့ စိတ်ဆိုးသွားပြီး
တာဝန်ရှိသူတွေကို ၀င်တွေ့ပြီး ပြောခဲ့တယ်၊ သူတို့က တောင်းပန်ပေမယ့် ဒါက နှစ်ခါတောင်ရှိသွားပြီလေ၊
ဒါတောင် complain မတက်ခဲ့တာတွေက အများကြီးရှိသေးတယ်၊ နောင်ကို အဲ့ကုန်တိုက်မှာ ဘယ်တော့မှ
မ၀ယ်တော့ဘူးလို့ပဲ ဆုံးဖြတ်ပြီး လှည့်ပြန်ခဲ့ရတယ်” ဟု ငွေအကြွေပြန်မအမ်းမှုနဲ့ ပတ်သတ်ပြီး
ကုန်တိုက်နှင့် ပြဿနာဖြစ်ခဲ့ရသူ ကျောက်တံတားမြို့နယ်အတွင်းက လူငယ်တစ်ဦင်္းက ပြန်ပြောပြသည်။
ယင်းပြဿနာကို ကုန်တိုက်မှ တာဝန်ရှိသူက မနက်ပိုင်း
မအားလို့ ငွေအကြွေတွေ မပေးနိုင်ခဲ့တာပါ၊ ၀န်ထမ်းရဲ့ မချေမငံ ပြောဆိုဆက်ဆံမှု အတွက်လည်း
ကာယကံရှင် ကျူးလွန်သူ ၀န်ထမ်းက တောင်းပန်ခဲ့ပြီး ၀န်ထမ်း၏ ရှေ့ရေးအတွက် အရေးယူ ဆောင်ရွက်
ပေးရန်တော့ မဖြစ်နိုင်ကြောင်း ပြောဆိုခဲ့သည်။
ထိုကဲ့သို့ ဖြစ်ခြင်းသည် ယင်းဈေးဝယ်သူအတွက် အကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရပြီး
ဝန်ဆောင်မှု ညံ့ဖျင်းမှုက တခြားရှိသေးတာကြောင့် တိုင်ကြားခဲ့ရပြီး ယင်းမှာ နှစ်ခါမြောက်တိုင်ကြားခြင်း
ဖြစ်၍ ပထမအကြိမ်တုန်းက ငွေကိုင်ကို ခံဝန်ထိုးခိုင်းမည်ဟု ဖြေရှင်းပေးခဲ့ပြီး ယခုကြိမ်မှာတော့
တောင်းပန်ရုံသာ ဖြေရှင်းပေးခဲ့သည်ဟု သိရသည်။
ငွေအကြွေများ ပြန်မအမ်းနိုင်သော်လည်း ညပိုင်းများတွင် ဈေးဝယ်စင်တာများနှင့်
အရောင်းဆိုင်များသည်၊ လမ်းဘေး ငွေကြေး တောင်းရမ်းသူများထံမှ ငွေအကြွေလဲလှယ် ယူလေ့ရှိကြောင်း
မျက်မြင် တွေ့သူများ၏ အဆိုအရသိရသည်။
“ကျွန်တော် ညဘက် အမြဲ လသာက ပြန်တိုင်း စိန်ဂေဟာက တောင်းရမ်းတဲ့ အဘွားတစ်ယောက်ဆီမှာ
အကြွေတွေ လဲယူနေတာ အမြဲတွေ့ရတယ်။ ဒါပေမယ့်လဲ စိန်ဂေဟာက အရင်က ကူပွန်အမ်းပြီး အခုတော့
တစ်သျှူးတို့ ဘာတို့ အမ်းနေသေးတာပဲ၊ အရင်တုန်းကလို တရားမ၀င် ငွေအကြွေဈေးကွက်က ရှိနေသေးတာလား
ဘာကြောင့်လားတော့ ကျွန်တော်လဲ မသိဘူး”ဟု အသက်၂၀ကျော် လူငယ်တစ်ဦးက ၄င်းမြင်တွေ့မှုများကို
ပြန်ပြောပြသည်။
ကုန်သည်လမ်းရှိ စီးပွားရေးဘဏ် အနီးရှိခဲ့သော
တရားမ၀င် ငွေအကြွေ လဲလှယ်မှု ဈေးကွက်ကိုလည်း ပန်းဘဲတန်းရဲစခန်းက ၂၀၁၁ခုနှစ် မေလအတွင်းက
ဖမ်းဆီး အရေးယူခဲ့သည်။
ယခင်က အရောင်းစင်တာ တစ်ခုတွင် ငွေအကြွေအစားထိုး ကူပွန် အမ်းခြင်းများ ပြုလုပ်ခဲ့ပြီး
ထိုကဲ့သို့ ပြုလုပ်ခြင်းများသည်၊ တရားမ၀င်ကြောင်း ၂၀၁၁ ခုနှစ်၊ မေလ၂၂ရက်နေ့က သက်ဆိုင်ရာက
တားမြစ်ခဲ့ပြီး ဗဟိုဘဏ်မှ ငွေအကြွေအစားထိုး ကူပွန်များအမ်းခြင်းများကို တရားမ၀င်ဟု
ကြေညာခဲ့ပြီး၊ ငွေအကြွေရှားပါးမှု ပြဿာနာကို ဖြေရှင်းရန်အတွက် ပထမဆုံးအကြိမ် အကြွေ ငါးသိန်းဖိုး
လဲလှယ်ပေးခဲ့ပြီး ယနေ့ထိ အကြွေလဲလှယ်ပေးနေသည်ဟု သိရသည်။
ကျော်ဝင်းသူ
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်