ကျောက်တံတားမြို့နယ် အတွင်းရှိ ကုန်တိုက်တစ်ခုတွင်
ဈေးဝယ်သူ အမျိုးသမီးတစ်ဦး၏ အိတ်ကို လုံခြုံရေး အမျိုးသားဝန်ထမ်း နှစ်ဦးက ဇစ်အိတ်များပါ
မကျန် ရှာဖွေပြီး အိတ်တွင်းရှိ ကုန်ခါနီး စာအုပ်များနှင့် ဖောက်စားထားသော မုန့်များပါ
မကျန် ပစ္စည်းအားလုံးကို တိတ်ဖြင့် လိုက်လံကပ်ပြီး မချေမငံ ပြန်ပြောမှုကြောင့် ဈေးဝယ်သူ
နှစ်ဦးနှင့် လုံခြုံရေးနှစ်ဦး ပြဿနာဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်ပွားပုံမှာ လူငယ်စုံတွဲ နှစ်ဦးမှာ အလုပ်သွားခါနီး
နေ့လည်စာ ဟင်းမပါသဖြင့် နီးစပ်ရာ Ruby Mart အတွင်းသို့ လွယ်ကူသော ဟင်းဝယ်ရန်အတွက် ၀င်ရောက်ရာတွင်
လုံခြုံရေးအမျိုးသားနှစ်ဦးက အမျိုးသား ဈေးဝယ်သူ၏ ထီးကို တိတ်ကပ်ခြင်း မပြုခဲ့ဘဲ ၄င်းနှင့်
ပါလာသော အမျိုးသမီးထံမှ အိတ်ကိုသာ ဇစ်အိတ်များပါမကျန် ရှာဖွေပြီး အိတ်အတွင်းရှိ စာအုပ်များနှင့်
မုန့်များကို တစ်ခုချင်းစီ တိတ်များ လိုက်လံကပ်နေသောကြောင့် ရေးပြီးသားစာအုပ်များနှင့်
ဖောက်စားထားသော မုန့်များသာဖြစ်ကြောင်း တစ်ခုချင်းစီ တိတ်ကပ်နေမှုကြောင့် အလုပ် နောက်ကျမည်
စိုးကြောင့် ရှင်းပြခဲ့သော်လည်း လုံခြုံရေးက အစ်မအတွက် လုပ်ပေးတာ မကျေနပ်လည်း မတတ်နိုင်ဘူးဟု
မချေမငံ ပြန်လည် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“CCTV တွေလည်း ရှိပါတယ်၊ ဘယ်သူမှလည်း မခိုးပါဘူး၊
ဈေးဝယ်သူကို သူခိုးလို့ပဲ ထင်နေလား မသိဘူး၊ အထဲမှာလဲ ရေးပြီးသား စာအုပ်တွေနဲ့ ဖောက်စားထားတဲ့
မုန့်တွေပဲ သိသာနေတာပဲလေ၊ သူတို့ အဲလို တစ်ခုစီသာ တိတ်ကပ်နေရင် အလုပ်က ဘယ်မှီတော့မှာလဲ၊
ရှင်းပြတော့လည်း ကျွန်မအတွက် လုပ်တာတဲ့၊ မကျေနပ်လဲမတတ်နိုင်ဘူး၊ တော်တော်ရစ်တယ်တဲ့၊
ကျွန်မပြောတာ မှားလို့လား၊ သည်းခံခဲ့ပါသေးတယ်၊ အထဲရောက်တော့ ငွေကိုင်က အကြွေမအမ်းဘဲ
မချေမငံ ပြန်ပြောတော့ ကျွန်မကောင်လေးက စိတ်ဆိုးပြီး ရုံးခန်းကို complain လုပ်တော့တာပါ”ဟု
ကိုယ်တိုင်ကြုံတွေ့ခဲ့သူ ဈေးဝယ်သူက ၄င်းကြုံခဲ့သည့် အခက်အခဲကို ပြန်လည်ပြောပြသည်။
အစပိုင်းတွင် သည်းခံခဲ့သော်လည်း ငွေကိုင်ဝန်ထမ်းတစ်ဦး၏ ငွေအကြွေ ပြန်မအမ်းဘဲ
အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရပြီး စောင့်အောင့်ကာ မချေမငံ ပြန်လည် ပြောဆိုမှုကြောင့်သာ
ရုံခန်းသို့ ၀င်ရောက် တိုင်ကြားခဲ့ရခြင်း ဖြစ်ပြီး ငွေကိုင်များကို တိုင်ကြားခဲ့မှုသည်
နှစ်ကြိမ်မြောက် ဖြစ်သည်ဟု ၄င်းတို့ အဆိုအရ သိရသည်။
“ကျွန်တော်ပြောတာ လုံခြုံရေးအရ စစ်ပါ၊ လက်ခံပါတယ်၊
အပြင်မှာ ကိုင်ထားတဲ့ ထီးတို့ အိတ်တို့ ပစ္စည်းတွေကို တိတ်ကပ်တာတော့ လက်ခံပါတယ်၊ အခုဟာက
အိတ်အတွင်းက ပစ္စည်းတွေလေ၊ သူတို့ဆီက ပစ္စည်း ကောက်ထည့်ရင်တောင် CCTVတွေ ရှိတာပဲ မဟုတ်လား၊
သူတို့က ကျွန်တော့်ထီးကို တိတ်မကပ်နိုင်ဘဲ ကျွန်တော့်ကောင်မလေး အိတ်ကိုပဲ အတင်းမွှေနှောက်ပြီး
တိတ်တွေ လိုက်ကပ်နေတာ မလွန်လွန်းဘူးလား၊ အလုပ်က စာအုပ်တွေနဲ့ ဖောက်ထားတဲ့ မုန့်တွေကလွဲလို့
အထဲမှာက ဘာမှ ပါတာလည်း မဟုတ်ဘူး၊ စာအုပ်တွေမှာ တိတ်တွေ လိုက်ကပ်တော့ ပြန်ခွာရင် စာအုပ်တွေ
ပြဲတယ်၊ ဒါက အလုပ်က စာအုပ်တွေ၊ ပျက်စီးရင် သူတို့ တာဝန်ယူမှာလား၊ သည်းခံခဲ့ပေမယ့် အထဲက
ငွေကိုင်ရဲ့ မပြေပြစ်မှုကြောင့် စိတ်တိုပြီး မထူးပေမယ့်လဲ complain တက်ခဲ့တာ” ဟု အမျိုးသားဈေးဝယ်သူက
၎င်းကြုံတွေ့ခဲ့ရသည်ကို ပြောပြသည်။
တိုင်ကြားခဲ့သော်အခါ လုံခြုံရေးမှူးက လုံခြုံရေးဝန်ထမ်းများသည် အသစ်များဖြစ်ကြောင်း
အသစ်များကို သင်ပေးပြီး သူတို့က ထွက်သွားတဲ့အခါ နောက်ဝင်လာတဲ့ အသစ်တွေကို ပြန်သင်ပေးနဲ့
သံသရာ လည်နေပြီး ထိုကဲ့သို့ အသစ်ဝန်ထမ်းများ၏ လုပ်ငန်းမကျွမ်းကျင်မှုကြောင့်သာ ဖြစ်ပေါ်ရခြင်း
ဖြစ်သည်ဟု ရှင်းပြပြီး တောင်းပန်ခဲ့သော်လည်း ကာယကံရှင် လုံခြုံရေး အမျိုးသားဝန်ထမ်းနှစ်ဦးကိုမူ
တွေ့ရှိခဲ့ရခြင်းမရှိကြောင်း၊ နှစ်ဦးအနက် တစ်ဦးမှာ ယူနီဖောင်းဝတ်ဆင်ထားပြီး ကျန်တစ်ဦးမှ
ယူနီဖောင်းနှင့် မဟုတ်ကြောင်း ၄င်းစုံတွဲ ပြောကြားချက်အရ သိရသည်။
“ကျွန်တော် တစ်ခါက ကြုံဖူးတာက ထီးနဲ့ စာအုပ်၊ ထီးကို တိတ်ကပ်ရင် လက်ကိုင်ကိုင်းနာမှာစိုးလို့
ကိုင်းနားမကပ်ဘဲ အောက်ဘက်မှာ ကပ်ဖို့ ပြောပေမယ့် ကိုင်းမှာပဲ ကပ်လိုက်တယ်။ ကိုင်းမှာကျတော့
ပြန်ခွာရင် ထီးက နည်းနည်းနာတယ်၊ စာအုပ်မှာကျတော့လည်း ပြန်ခွာရင် စာအုပ်က ပြဲသွားတယ်၊
အဲ့တော့ စိတ်နည်းနည်းတော့ ညစ်ပေမယ့်လည်း မတတ်နိုင်ဘူးလေ၊ အကုန်လုံးက ဒီလိုတွေ လုပ်နေတာပဲ”ဟု
ကျောက်တံတားမြို့နယ်အတွင်း နေထိုင်သူ တစ်ဦးက ဆိုသည်။
ဈေးဝယ်စင်တာများနှင့် ကုန်တိုက်များတွင် လုံခြုံရေးအရ ဂိတ်ဝတွင် စစ်ဆေးမှုများ
ပြုလုပ်ပြီး ပါလာသော ပစ္စည်းများကို တိတ်ကပ်ခြင်းများကို ပုံမှန်ပြုလုပ်လေ့ရှိသည်။ ထိုသို့
ပြုလုပ်မှုများအတွက် အချို့သော ဈေးဝယ်သူများအတွက် ၄င်းတို့၏ စာအုပ်များ ပျက်စီးခြင်းတို့ကြောင့်
စိတ်အနှောက်အယှက် ဖြစ်ကြရခြင်းများ ဖြစ်သည်။ လုံခြုံရေးအတွက် CCTV များလည်း တပ်ဆင်ထားသည်ကို
တွေ့ရသည်။
သတင်းထောက်ကေ
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်