ရေးသားသူ- သာဘန်း
၇ ရက် ဇူလိုင်၊ ၈ ရက် ဇူလိုင်ဆိုသောရက်များသည် မြန်မာ့သမိုင်းတွင် မေ့ပျောက်၍မရသော သမိုင်းအမည်းသာဖြစ်သည်။ လွန်ခဲ့သည့် ၅၁ နှစ်၊ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့တွင် စစ်အာဏာသိမ်း တော်လှန်ရေးကောင်စီက ရန်ကုန်တက္ကသိုလ်ကျောင်းသားများကို ညနေ ၆ နာရီကျော်တွင် ပစ်သတ်၍ ကျောင်းသား ၂၀၀ ကျော် သေဆုံးခဲ့ရသည်။
(အစိုးရက ၁၇ ဦးသေဆုံးသည်ဟု ကြေညာသည်။) ဇူလိုင် ၈ ရက်နံနက် ၅ နာရီကျော်တွင် မြန်မာ့လွတ်လပ်ရေးသမိုင်းဝင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဆောက်အအုံကို မိုင်းဗုံးများကပ်ပြီး စိစိညက်ညက်ကြေအောင် ဖြိုခွဲဖျက်ဆီးခဲ့သည်။

ထိုဖြစ်ရပ်များမှာ နှစ်ပေါင်း ၅၀ ကျော်ပြီဖြစ်၍ သမိုင်းဖြစ်ရပ်တစ်ခုဟု မှတ်တမ်းတင်ရမည်ဖြစ်သော “ဘာကြောင့်ဒီလိုဖြစ်ရသလဲ”ဟူသောဇစ်မြစ် ကို ယခုခေတ်လူငယ်ကျောင်းသားတို့ ဂဃနဏသိရန် လိုပေလိမ့်မည်။ သို့မှသာ မြန်မာ့နိုင်ငံရေးအတွက် အရေးကြီးသောမှတ်တမ်း ကို သေသေချာ ချာ လေ့လာသုံးသပ်နိုင်ပေမည်။
အမုန်းတရား
ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂကို ၁၉၃၁ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။
ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဆောက်အအုံကို သူဌေးဦးညိုက လှူဒါန်းခဲ့သည်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂနှင့် တ.က.သအဆောက်အအုံသည် မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်ကို မွေးဖွားရာဖြစ်သည်။
နယ်ချဲ့ဆန့်ကျင်ရေးနှင့် ဖက်ဆစ်ဆန့်ကျင်တော်လှန်ရေး၏ အချက်အချာနေရာဖြစ်သည်။
သို့သော် ဗိုလ်နေ၀င်းနှင့် အပေါင်းပါတစ်စု ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂနှင့် ကျောင်းသားခေါင်းဆောင်များကို မုန်းတီးခြင်းများအနက် အကြောင်းတစ်ခုမှာ ပထမအကြိမ် ၁၉၅၈ ခုနှစ်က ပါလီမန်အစိုးရ ကို ဖြုတ်ချပြီး အာဏာသိမ်းရန်ကြံစည်မှု လွဲချော်သွားပြီး
ဝန်ကြီးချုပ်ဦးနုက လိမ္မာကျွမ်းကျင်စွာ လွှတ်တော်ကတစ်ဆင့် အာဏာလွှဲပြောင်းခဲ့ရသည်ကို ကျောင်းသားများ တ.က.သ/ ထ.က.သ နှင့် ရ.က.သတို့က စစ်တပ်ကအာဏာသိမ်းခြင်းအဖြစ် ရန်ကုန်မြို့အနှံ့ ဘတ်စ်ကားများဖြင့် လှည့်လည်ဆန္ဒပြခဲ့သည်ကို မကျေနပ်ဖြစ်ခြင်း၊
အာဏာကိုယစ်မူးနေသော ဗိုလ်နေ၀င်း ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်တွင် အာဏာသိမ်းချိန် ပြည်သူကိုလှည့်ဖြားရန် ဆိုရှယ်လစ်စနစ်ဖြင့် နိုင်ငံ ကိုထူထောင်မည်ဟု အော်ဟစ်လာသည်ကို နိုင်ငံရေးသမားများ နားယောင်သွားကြသည်။ ကျောင်းသားများမှာ အာဏာသိမ်းစဉ် စာမေးပွဲများဖြေပြီး ကျောင်းပိတ်သွား၍ အဖြစ်မှန်ကို ဖော်ထုတ်ခွင့်မ ရဘဲ ဖြစ်သွားသည်။
စိုးရိမ်စိတ်
၁၉၆၂ ခုနှစ်၊ ဇွန်လတွင် တက္ကသိုလ်ကျောင်းများပြန်ဖွင့်သောအခါ ၁၉၅၈ ခုနှစ်၊
စစ်တပ်ကအာဏာသိမ်းစဉ် ကျောင်းသားများဆန္ဒပြခြင်းများမလုပ်နိုင်ရန် ကျောင်းသားများအား ဦးချိုးနှိမ်ရန် မတရားသော အဆောင်စည်းကမ်းများကို တင်းကျပ်စွာထုတ်ပြန်လိုက်သည်။
ထိုစည်းကမ်းများကို ခေါင်းငုံ့မခံဘဲ ဇူလိုင် ၆ ရက် ညပိုင်းတွင် အဆောင်နေကျောင်းသားများ အဆောင်သံတံခါးများကို ဖျက်ဆီးပြီး တက္ကသိုလ်နယ်မြေအတွင်း လှည့်လည်ဆန္ဒပြကြသည်။
ဆန္ဒပြပွဲ
ဇူလိုင်လ ၇ ရက် မွန်းလွဲ ၁ နာရီခန့်တွင် မတရားတင်းကျပ်သော အဆောင်စည်းကမ်းများ ဆန့်ကျင်ရေး ဆန္ဒပြပွဲကို တ.က.သအဆောက်အ အုံအပေါ်ထပ် အစည်းအဝေးခန်းမတွင် ကျောင်းသားစု အစည်းအဝေးကျင်းပ သည်။
တ.က.သဥက္ကဋ္ဌ ကိုဗဆွေလေးက သဘာပတိမိန့်ခွန်းပြောသည်။ တင်းကျပ်သော အဆောင်စည်းကမ်းများ ကန့်ကွက်ကြောင်း အဆိုတင်သွင်းကြသည်။ ထို့နောက် တ.က.သအဆောက်အအုံရှေ့မှ ဘွဲ့နှင်းသဘင်အထိ အဓိပတိလမ်းအတိုင်း ဆန္ဒပြချီတက်ပြီး စီးပွားရေးတက္ကသိုလ် ရှေ့လမ်းမှတစ်ဆင့် ပြန်လည်ပြီး တ.က.သအဆောက်အအုံရှေ့တွင် ရုပ်သိမ်းလိုက်သည်။
ကျောင်းသားများလူစုခွဲပြီး အဆောင်ပြန်သူပြန်ကြသည်။ အချို့ တ.က.သစားသောက်ဆိုင်မှာ ၀င်ထိုင်စားသောက်နေကြသည်။ မွန်းလွဲ ၂ နာရီခွဲ ၃ နာရီလောက်တွင် စုံထောက်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ က ကျောင်းသားခေါင်းဆောင်များကို ၀င်ဖမ်းသည်။
အချို့လွတ်မြောက်သွားပြီး တကသဥက္ကဋ္ဌ ကိုဗဆွေလေး၊ ဗ.က.သ အဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုသက်၊ ရန်ကုန်ခရိုင်ကျောင်းသားသမဂ္ဂအတွင်းရေးမှူး ကိုဉာဏ်ဝင်းတို့ အဖမ်းခံကြရသည်။
ကျောင်းသားခေါင်းဆောင်များ အဖမ်းခံရသည်ကို ကျောင်းသားများ သိသွားကြရာ တ.က.သ အဆောက်အအုံရှေ့သို့ ရောက် လာကြပြီး ကျောင်းသားခေါင်းဆောင်များ လွတ်မြောက်ရေး ကို တောင်းဆိုကြသည်။ ကျောင်းသားများဆန္ဒပြပွဲ အတောမသတ်ဘဲ ညနေ ၆ နာရီကျော်လာသောအခါ ကမာရွတ်ရဲစခန်း မှာ ရှေ့တန်းစစ်ဆင်ရေး ဌာနချုပ်ဖွင့်ပြီး ထိုးစစ်ကို အနီးကပ်ညွှန်ကြားနေသော ဒုတိယဗိုလ်မှူးကြီး စိန်လွင်က စတင်ပစ်ခတ်ရာ ကျောင်းသား ၁၀၀ ကျော် သေဆုံးသွားရသည်။
အဆောင်စည်းကမ်း ကန့်ကွက်ဆန္ဒပြပွဲမှတစ်ဆင့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ပြပွဲအထိ တိုးမြှင့်လာပြီး အလုပ်သမား၊ လယ်သမားဆန္ဒပြပွဲများအ ထိ ကူးစက်လာသည်ကို စစ်အာဏာရှင်များက စိုးရိမ်လာသည်။
ဓားဓားချင်း
တက္ကသိုလ်ကျောင်းသားများကို စံပြဦးချိုးရမည်။ ကျောင်းသားများ ကို ချေမှုန်းမှ အားလုံးငြိမ်သွားမည်ဟု သဘောထားပြီး ထိုးစစ်ဆင်ရေး စီမံကိန်းကိုရေးဆွဲပြီး တ.က.သစစ်ဆင်ရေးတစ်ရပ်ကို ချမှတ်လိုက်သည်။
ဇူလိုင် ၇ ရက်တွင် ကျောင်းသားများရာချီသတ်ဖြတ်ပြီးနောက် ညပိုင်းမြန်မာ့အသံက ဗိုလ်ချုပ်ကြီးနေ၀င်း မိန့်ခွန်းပြောကြားရာတွင် အပ်တိုတစ်ချောင်းတောင်မရှိတဲ့ ကျောင်းသားများကို “ဓားဓားချင်း၊ လှံလှံချင်းရင်ဆိုင်မယ်” တ.က .သအဆောက်အအုံကို ကွန်မြူနစ်တွေသံရုံးသဖွယ် အကာအကွယ်ယူပြီး ဌာနချုပ်ပြုလုပ်နေတယ်။
အဲဒါကို ဘယ်လိုမှခွင့်မပြုနိုင်ဘူး”ဟု ပြောကြားခဲ့သည်။ ဗိုလ်နေ၀င်းသည် တ.က.သအဆောက်အအုံကို မိုင်းခွဲဖျက်ဆီးရခြင်း၏ အကြောင်းရင်းအဖြစ် ထိုအချက်က သက်သေခံနေသည်။
တရားခံများ
အေးချမ်းသာယာသော တက္ကသိုလ်“မြကျွန်းသာနယ်မြေ”ကို ရန်သူစခန်းပမာ၊ စစ်စခန်းကြီးပမာ ထိုးစစ်ဆင်ပြီး တက္ကသိုလ်ကျောင်းသား များစွာကို ရက်ရက်စက်စက် သေနတ်ဖြင့်ပစ်ခတ်ခြင်း၊ တ.က.သအဆောက်အအုံကို မိုင်းခွဲဖြိုဖျက် စိစိညက်ညက်ကြေဖျက်ဆီးခြင်း အားလုံး၏ တရားခံများသည် စစ်အာဏာသိမ်း တော်လှန်ရေးကောင်စီ ၀င်များ ဖြစ်သည်။ နံပါတ်တစ်တရားခံမှာ ဦးနေ၀င်းဖြစ်သည်။
ဒုတိယတရားခံသည် ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်အောင်ကြီးဖြစ် သည်။ ဗမာ့အသံတွင် နောက်တန်းစစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်၌ တာဝန်ယူသော ဗိုလ်မှူးကြီးကျော်စိုး၊ ဗိုလ်မှူးကြီးလှဟန်၊ ဗိုလ်မှူးကြီးသန်းစိန်(ပခုက္ကူ)၊ ဗိုလ်မှူးကြီးစောမြင့်၊ ဗိုလ်မှူးကြီးတန် ယုဆိုင်တို့သည် တတိယတရားခံများဖြစ်သည်။
တက္ကသိုလ်နယ်မြေ ထိုးစစ်ကြီးကို အနီးကပ်လမ်းညွှန်ပစ်မိန့်ပေးသော ဒုတိယဗိုလ်မှူးကြီးစိန်လွင်မှာလည်း တရားခံအကြီးစားဖြစ်သည်။ အလွန်အမင်းကြီးမားသော ဖျောက်ဖျက်၍မရနိုင်သော၊ သမိုင်းအမည်းကွက်ကြီး”ကို ဖန်တီးခဲ့သူများဖြစ်သော
တစ်ချိန်က အာဏာရူးပြီး စစ်သွေးစစ်မာန်ကြွနေခဲ့ကြ သည့် တော်လှန်ရေးကောင် စီဝင်များလည်း ကွယ်လွန်ခဲ့ကြပါပြီ။ တ.က.သ အဆောက်အအုံ ဖျက်ခံရသည့် သမိုင်းလည်း နှစ် ၅၀ ကျော်ခဲ့ပါပြီ။ တ.က.သအဆောက်အအုံ ပြန်လည်တည်ဆောက်ပြီး ကျောင်းသားသမဂ္ဂ၏ ငြိမ်းချမ်းသော၊ သာယာသောလှုပ်ရှားမှုများဖြင့် မြန်မာ့ပညာရေးအနာဂတ် ကမ္ဘာ့အလယ်တင့်တယ်ထွန်းကားရေးကို ကြိုးပမ်းကြပါစို့ဟုသာ ဆန္ဒပြုရပေသည်။
7Day News Journal

0 မှတ်ချက်များ:
မှတ်ချက်ပြုရန်