ဇူလိုင် ၃ ရက်ညတွင် ဖေ့စ်ဘွတ်ခ် ရှစ်နာရီနီးပါး ပြတ်တောက်ခဲ့ခြင်းမှာ မြန်မာနိုင်ငံက ပိတ်ခြင်းသာဖြစ်နိုင်ပြီး မန္တလေးတွင်ဖြစ်ပွားသည့် ပဋိပက္ခဖြစ်စဉ်နှင့် ဆက်စပ်မှုရှိနိုင်ကြောင်း ကွန်ပျူတာပညာရှင်များနှင့် ဘလော့ဂါအချို့က မှတ်ချက်ပြု ပြောကြားသည်။
မန္တလေးတွင် ပဋိပက္ခဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ၂ ရက်အကြာ ဇူလိုင်၃ ရက် ညကိုးနာရီမှ နံနက်ငါးနာရီအထိ အပြင်မထွက်ရအမိန့်ထုတ်လိုက်သည့်ညတွင် ဖေ့စ်ဘွတ်ခ် အသုံးပြုမှု ယာယီပြတ်တောက်ခဲ့၍ ယခုကိစ္စနှင့် ဆက်စပ်မှု ရှိနိုင်ကြောင်း သုံးသပ်ကြခြင်းဖြစ်သည်။
‘‘တခြားနိုင်ငံတွေမှာလည်း သုံးလို့မရဘူးဆိုရင်တော့ ဖေ့စ်ဘွတ်ခ်ကဖြစ်တယ်လို့ပြောလို့ရမယ်။ သူတို့ဆီကဖြစ်တယ်ဆိုရင်လည်း ခဏပဲကြာနိုင်မယ်။ အခု ဖြစ်စဉ်ကတော့ မန္တလေးကိစ္စနဲ့ ဆက်စပ်မှုရှိနိုင်တယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းဥက္ကဋ္ဌ ဦးမင်းဦးကပြောသည်။
ဖေ့စ်ဘွတ်ခ်အသုံးပြုမှု ယာယီပြတ်တောက်ခဲ့သည့်အချိန်မှာ ညရှစ်နာရီခွဲခန့်မှ နံနက် လေးနာ ရီအထိကြာမြင့်ပြီး အဆိုပါကာလအတွင်း www.facebook.com သို့ ဝင်ရောက်အသုံးပြု၍မရဘဲ Proxy ကျော်၍အသုံးပြုခြင်းနှင့်www.prod.facebook.com တို့ ဖြင့်သာ အသုံးပြု၍ရသည့်အတွက် ယခင်အစိုးရလက်ထက်က ဘလော့များကို ပိတ်ထားသည်နှင့် ပုံစံတူပင်ဖြစ်ကြောင်း ဘလော့ဂါ ကိုအောင်ကျော်ခိုင်က သုံးသပ်သည်။
‘‘ဖေ့စ်ဘွတ်ခ်ကဖြစ်တာဆိုရင် Proxy ကျော်သုံးလို့ရမှာ မဟုတ်ဘူး။ ရတယ်ဆိုရင်တော့ ဒီနိုင်ငံက ဘန်းထားလို့ပေါ့။ မန္တလေးကိစ္စကြောင့်ဖြစ်နိုင်တယ်။ ပေါ်လစီအရ ပိတ်တယ်ဆိုရင်တော့ ဌာနဆိုင်ရာတွေက ပြောမှာမဟုတ်ဘူး။ ဒီနေ့ညစောင့်ကြည့်လို့ ဆက်ဖြစ်တယ်ဆိုရင် တော့ ပိုပြီးသေချာသွားပြီ’’ဟု မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ အလုပ်အမှုဆောင်ဦးဇော်ဝင်းထွန်းကပြောသည်။
အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနသို့ ဆက်သွယ်မေးမြန်းရာတွင် ၎င်းတို့အနေဖြင့် မသိရှိကြောင်းကိုသာ ဌာနအင်ဂျင်နီယာတစ်ဦးက ပြန်လည်ဖြေကြားခဲ့သည်။
ယခုဖြစ်စဉ်အရ ဖေ့စ်ဘွတ်ခ်အသုံးပြု၍မရခြင်းသည် အချိန်ပိုင်းသာဖြစ်၍ ပြဿနာမရှိသော်လည်း အချိန်ကြာမြင့်စွာအသုံးပြု ၍မရအောင် ပြုလုပ်ခြင်း(သို့) မကြာခဏသုံး၍မရအောင်ပြုလုပ်ခြင်းတို့ ရှိလာပါက အဆင်မပြေမှုများရှိလာနိုင်၍ အုပ်ချုပ်သူများအနေဖြင့် ဖြစ်စဉ်နှင့် ပါဝင်ပတ်သက်နေသူများ အခြေအနေပေါ်တွင် မူတည်၍ စီမံခန့်ခွဲမှုပြုလုပ်ရန် လိုအပ်ကြောင်း ဦးမင်းဦးက ဆိုသည်။
http://www.7daydaily.com/story/14979
ဖေ့စ်ဘွတ်ခ် ပြတ်တောက်သွားခြင်းမှာ မန္တလေးပဋိပက္ခနှင့် ဆက်စပ်မှုရှိနိုင်ဟု ပညာရှင်များသုံးသပ်
Subscribe to:
Post Comments (Atom)
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်