ဇူလိုင် ၁ ရက်မှ စတင်ဖြစ်ပွားခဲ့သည့် ဘာသာရေးအကြောင်းပြ ဆူပူလှုံ့ဆော်မှုနှင့် မတည်ငြိမ်မှုများကြောင့် မန္တလေးမြို့အခြေအနေ စိုးရိမ်နေရဆဲအချိန်တွင် မြန်မာနိုင်ငံရှိ လူသုံးအများဆုံး လူမှုကွန်ရက်ဖြစ်သည့် ဖေ့စ်ဘွတ် (Facebook) စာမျက်နှာ ဒုတိယမြောက်နေ့အဖြစ် နှစ်နာရီခန့် ပြတ်တောက်ခဲ့ပြီး ဇူလိုင် ၄ ရက် ည ၇ နာရီဝန်းကျင်ခန့်မှ ၉ နာရီခန့်ထိ အသုံးပြု၍မရတော့ကြောင်း သိရသည်။ ထိုကဲ့သို့ ဖေ့ဘွတ်ဖြတ်တောက်မှုမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖြတ်တောက်ရန် ညွှန်ကြားခဲ့ခြင်း မဟုတ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ရဲဦးစီးအရာရှိချုပ် ရဲမှူးချုပ်ဝင်းခေါင်က ဖြေရှင်းခဲ့သည်။
“အဲဒီကိစ္စက ကျွန်တော်တို့ လုပ်တာလည်း မဟုတ်ဘူး။ ကျွန်တော်တို့အနေနဲ့ ဝင်ရောက်စွက်ဖက်တာမျိုး၊ ပိတ်ဖို့ညွှန်ကြားတာ မျိုးလည်းမရှိဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့က တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ပဲ ဆိုင်တာ။ ဒီဖေ့စ်ဘွတ်တွေ ဘာတွေဆိုတာ ကျွန်တော်တို့နဲ့ ဆိုင်လည်းမဆိုင်ဘူး၊ အလှမ်းလည်း မမီဘူး။ အဲဒီကိစ္စက ဆက်သွယ်ရေးဘက်ကနေပဲလုပ်တာ။ ဆက်သွယ်ရေးကိုပဲမေးရမှာ ကျွန်တော်တို့က ဘာမှညွှန်ကြားထားတာမျိုး မရှိဘူး” ဟု ရဲမှူးချုပ်ဝင်းခေါင်ကThe Daily Eleven ၏ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။
သို့ရာတွင် ဧရာဝတီသတင်းဌာနက ရဲမှူးချုပ်ဝင်းခေါင်အား ဖုန်းဖြင့်ဆက်သွယ် မေးမြန်းမှုတွင် ကောလာဟလ တိုက်ဖျက်ရာတွင် ဖေ့စ်ဘွတ်ကိုပိတ်လိုက်ခြင်း ဖြစ်ပါသလား။ အစိုးရက လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါသလားဆိုသည့် မေးခွန်းနှင့်ပတ်သက်၍ ရဲမှူးချုပ်ဝင်းခေါင်က ဖြေကြားခဲ့ရာ၌ ၎င်းတို့အနေဖြင့် ပိတ်ခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြား ခဲ့သည်ဟု ဧရာဝတီသတင်းဌာန၏ ရေးသားချက်အရ သိရသည်။
“မှန်ပါတယ်။ ကျွန်တော်တို့ လုပ်လိုက်တာပါ။ လှုံ့ဆော်မှုတွေကို ပိတ်ချင်တာပေါ့ဗျာ။ လှုံ့ဆော်မှုတွေ သွေးထိုးမှုတွေ နားစွန် နားဖျားကြားမှုတွေ အကုန်လုံးကို လုပ်နေတဲ့အခါကျတော့ လူအုပ်စုအချင်းချင်းကြားထဲမှာ မိမိတို့ရဲ့ အဖွဲ့အစည်းကြားထဲမှာ အမုန်းဓာတ်ခံတွေကို လှုံ့ဆော်ပေးနေသလိုမျိုး ဖြစ်နေတဲ့အတွက် မိမိရဲ့ စာတစ်ကြောင်း ပေတစ်ကြောင်းသည် ဒါဟာကြီးမားတဲ့ ပဋိပက္ခကြီး တစ်ခုကို ဦးတည်စေတယ်။ အဲဒါကြောင့် ကျွန်တော်တို့က ထိန်းကြရမှာဖြစ်တယ်။ ထိန်းမနိုင်သိမ်းမရ အခြေအနေကို မရောက်အောင်ကို ကျွန်တော်တို့ လုပ်ရတယ်။ မဖြစ်ဖြစ်တဲ့နည်းနဲ့ မနိုင်နိုင်တဲ့နည်းနဲ့ ရအောင်ထိန်းသိမ်းရမှာပဲ။ အဲဒီလို ထိန်းမနိုင်သိမ်းမရဖြစ် လာခဲ့ရင်လည်း အဲဒီအခြေအနေနဲ့ လိုက်လျောညီထွေသော နည်းလမ်းကို ကျင့်သုံးရမှာဘဲ။ ရဲစကားပြောရမယ်ဆိုရင် လိုအပ်ရင် လိုအပ်တဲ့ပမာဏအထိ နည်းလမ်းစုံကို အသုံးပြုပြီးတော့ ဖြေရှင်းရမှာပဲ” ဟု ရဲမှူးချုပ်ဝင်းခေါင်က ပြောကြားခဲ့သည်ဟု ဧရာဝတီသတင်းဌာနက ရေးသားခဲ့သည်။
ကမ္ဘာတစ်ဝန်း သုံးစွဲသူ သန်း ၁၃ဝဝ ကျော်ရှိသည့် လူမှုကွန်ရက်ဖေ့စ်ဘွတ် စာမျက်နှာသည် မြန်မာနိုင်ငံတွင်လည်း လူသုံးအများဆုံးဖြစ်ပြီး ပြည်တွင်း၌ ဖေ့စ်ဘွတ်သုံးစွဲသူ အရေအတွက်မှာ တစ်သန်းကျော်ရှိနေကာ အများစုမှာ မိုဘိုင်းဖုန်းဖြင့် သုံးစွဲကြခြင်း ဖြစ်ကြောင်း သိရသည်။
ည ၉ နာရီအချိန် ဖေ့စ်ဘွတ်ပြန်လည် အသုံးပြု၍ရချိန်တွင် သုံးစွဲသူများက ဖေ့စ်ဘွတ်ပြတ်တောက်မှုနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုမှုများ ပြုလုပ်ခဲ့ကြသည်။
မန္တလေးမြို့အခြေအနေ စိုးရိမ်နေရဆဲအချိန်တွင် လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာ (Facebook) နှစ်နာရီခန့် ပြတ်တောက်မှု ဒုတိယမြောက်နေ့အဖြစ် ဖြစ်ပွား၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖြတ်တောက်ခဲ့ခြင်း မဟုတ်ကြောင်း ရဲမှူးချုပ်ဝင်းခေါင်ဖြေရှင်း
Subscribe to:
Post Comments (Atom)
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်