အိုင်ယာလန်နိုင်ငံ ဂီတတက္ကသိုလ်တစ်ခုက အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)သို့ ဂီတဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းရန် ကမ်းလှမ်းထားကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် အိုင်းရစ်-မြန်မာ ယဉ်ကျေးမှုဖလှယ်ပွဲတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)အား ပူးပေါင်းရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
‘‘သူတို့ဘက်ကတော့ မြန်မာ နိုင်ငံနဲ့ ပူးပေါင်းဖို့အတွက် စိတ်ဝင်စားတယ်။ ဒီဘက်က သဘောတူလက်ခံဖို့ အစီအစဉ်ရှိမယ်ဆိုရင် ချက်ချင်းလုပ်ဆောင်သွားဖို့ ရှိပါတယ်’’ ဟု အဆိုပါပွဲစီစဉ်ရာတွင် ပါဝင်သူ ဦးချန်ယိန်းက ပြောသည်။
ယခင်လက ကျင်းပခဲ့သော ဂီတဖျော်ဖြေပွဲတွင် အိုင်ယာလန်မှ ဂီတပညာရှင် လေးဦးနှင့် အကပညာရှင်တစ်ဦးတို့ လာရောက်ယဉ်ကျေးမှုချင်း ဖလှယ်ခဲ့ပြီး အမျိုးသားယဉ်ကျေးမှု တက္ကသိုလ်မှ ဂီတပညာရှင်အချို့နှင့် နှစ်နိုင်ငံကြား ယဉ်ကျေးမှုဖလှယ်သည့် ဖျော်ဖြေပွဲပြုလုပ်ခဲ့သည်။
‘‘သူတို့ဘက်က လာကမ်းလှမ်းတာတွေ ရှိတယ်။ ဒီဘက်က သွားရမယ့် အဆင့်တွေများတော့ သိပ်တော့ မသေချာသေးဘူး။ ဘယ်တော့လောက် အတူတူလုပ်ဖြစ်မလဲ ပြောလို့မရဘူး’’ ဟု အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အကယ်၍ ပူးပေါင်းလုပ်ကိုင်ဖြစ်ပါက နှစ်နိုင်ငံမှ ကျောင်းသူ၊ ကျောင်းသားများနှင့် ဆရာ၊ ဆရာမများကြား အချင်းချင်း ယဉ်ကျေးမှုဆိုင်ရာ ဖလှယ်ခြင်းများအပြင် ပညာရပ်ဆိုင်ရာ အပြန်အလှန် သင်ကြားခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
‘‘တခြားနိုင်ငံတွေနဲ့ ယဉ်ကျေးမှုဖလှယ်တာမျိုးပဲ လုပ်ဖူးတယ်။ ဒီလိုမျိုးထိ ပူးပေါင်းဖို့ ကမ်းလှမ်းတာမျိုးတော့ မရှိသေးဘူး’’ ဟု ၎င်းက ပြောသည်။
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်ကို ၁၉၉၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့် ပြဇာတ် စသည့် အထူးပြုဘာသာရပ်များ သင်ကြားလျက်ရှိသည်။
http://www.7daydaily.com/story/15273#.U7ueToNuvJs
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်အား ဂီတဆိုင်ရာ ပူးပေါင်းလုပ်ဆောင်ရန် အိုင်ယာလန် ဂီတတက္ကသိုလ်တစ်ခု ကမ်းလှမ်း
Subscribe to:
Post Comments (Atom)
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်