ဆူးလေရှန်ဂရီလာဟိုတယ်က ဦးဖြိုးမင်းသိန်းကို တောင်းပန်

ဆူးလေရှန်ဂရီလာ ဟိုတယ်တွင် မေလ ၁၈ ရက်က အချိန်ကြာမြင့်စွာ မီးပြတ်ခြင်းနှင့် ပတ်သက်ပြီး ဟိုတယ်စီမံခန့်ခွဲမှုဌာနက ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို တရားဝင်တောင်းပန်ခဲ့ပြီး ပြေလည်မှုရရှိပြီဟု အဆိုပါဟိုတယ်၏ ဆက်ဆံရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
‘‘ဝန်ကြီးချုပ် ပြန်သွား သွား ချင်းပဲ သွားတောင်းပန်ပါတယ်။ အခု ဝန်ကြီးချုပ်နဲ့ ပြေလည်ပြီး အကုန်လုံး အဆင်ပြေသွားပါပြီ’’ ဟု ၎င်းကပြောသည်။
မေလ ၁၈ ရက်က ဆူးလေရှန်ဂရီလာဟိုတယ်၌ ထိုင်းနိုင်ငံ၏ SME ကဏ္ဍတွင် ဦးဆောင်နေသည့် ထိုင်း Kဘဏ်၊ အင်န်အယ်လ်ဒီပါတီ စီးပွားရေးကော်မတီနှင့် Renaissance Institute တို့ ပူးပေါင်းဆောင်ရွက်သည့် အသေးစားအလတ်စား စီးပွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်း ဝန်ကြီးချုပ်က အမှာစကားပြော ကြားပြီးနောက် ထိုင်းသံအမတ် ကြီးက အမှာစကားပြောကြားစဉ် မီးပြတ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက်မီးပြတ်တောက်ခြင်းကြောင့် ဆွေးနွေးပွဲကို ၄၅ မိနစ်ကြာ ရပ်တန့်ခဲ့ရသည်။

အစည်းအဝေး ရပ်တန့်၍ မိနစ် ၃၀ ခန့်အကြာတွင် ဝန်ကြီး ချုပ်က ခန်းမအတွင်းမှ ထွက်ခွာခဲ့ သည်။ ခန်းမအဝတွင် ဟိုတယ် တာဝန်ရှိသူတစ်ဦး ခေါ်ခိုင်းပြီး အမျိုးသမီးတစ်ဦး ရောက်လာ သောအခါ မီးပြတ်၍မရကြောင်း သတိပေးခဲ့သည်။ သို့သော် ထို အမျိုးသမီးသည် ဟိုတယ်တွင် တာဝန်ရှိသူမဟုတ်ဘဲ ထိုင်းဘဏ် မှ မြန်မာဝန်ထမ်းတစ်ဦးဖြစ်နေ သည်။
ဟိုတယ်တွင် မီးပျက်ခြင်းနှင့် ပတ်သက်၍ လူမှုကွန်ရက်တွင် ဝန်ကြီးချုပ်၏  သတိပေးစကား ပေါ်တွင် ဝေဖန်သူများရှိသလို နိုင်ငံတကာအဆင့်မီ ကြယ်ငါးပွင့် အဆင့်ရှိဟိုတယ်၌ အချိန်ကြာ မြင့်စွာ မီးပြတ်ခြင်းသည် မဖြစ်သင့်ကြောင်းဝေဖန်မှုများရှိသည်။
ဝန်ကြီးချုပ်၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် မေလ ၁၉ ရက်က ဆူးလေရှန်ဂရီလာမှ တာဝန်ရှိ သူများနှင့် ရန်ကုန်မြို့၏ အမှတ် သင်္ကေတများနှင့် စပ်လျဉ်းသော လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၁၈ ရက်တွင် ပြုလုပ်ခဲ့သည် ဟု ထုတ်ပြန်ကြေညာသည်။
မီးပြတ်ခြင်းသည် ဓာတ်အား ပေးစနစ် ချို့ယွင်းခြင်းကြောင့် ဖြစ်ပြီး မည်သည့်ရည်ရွယ်ချက်မှ မပါဝင်ကြောင်းနှင့် အဆိုပါမီးပြတ်ချိန်တွင် ကျင်းပနေသည့်ပွဲ များ၏ ပွဲစီစဉ်သူများကိုလည်း ဟိုတယ် က တောင်းပန်ခဲ့ကြောင်း အဆိုပါ ဆက်ဆံရေးအရာရှိကပြောသည်။
 ‘‘ရှန်ဂရီလာဟိုတယ်က အကျိုးသင့်အကြောင်းသင့် ရှင်း လင်းပြောပြသင့်ပါပြီ။ ကြာလာ ရင် လုပ်ငန်းခွင်သဘာဝမှာ Technical Error ဘာညာ ရှိနိုင် တာကို နားလည်မှုလွဲသွားနိုင်၍ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ် ငန်း ဝန်ကြီးဌာနကိုပါ ထိခိုက်လာ နိုင်တယ်။ ကျွန်မက အသက် (၅၀) ခန့်၊ ခရီးသွားလုပ်ငန်းခွင်မှာ ၂၄ နှစ်ရှိပါပြီ။ နိုင်ငံတကာ ကြယ်ငါးပွင့်ဟိုတယ်များစွာ တည်းခိုဖူးပါတယ်။ ဒီလိုမျိုး မိနစ်ပေါင်းများစွာ မီးပြတ်တာ မကြုံဖူးပါရှင်။ အေးချမ်းစွာ ဖြေရှင်းလို့ ပြီးသွားမှာပါ။ အခမ်းအနားတက်ရောက်သူ အားလုံးကိုလည်း တောင်းပန်လွှာပို့သင့်ပါကြောင်း’’ဟု ခရီးသွားလုပ်ငန်း ရှင်ဒေါ်စံပယ်အောင်က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။
7 Day Daily

0 မှတ်ချက်များ: