ကမ္ဘာ့ ရွာကလေးမှ မှတ်တမ်းတင် ဂုဏ်ပြုခြင်း

၂.၁.၂၀၁၃ ရက်နေ့က ပေးပို့လာသည့် မလေးရှားနိုင်ငံ Genting Highland ကာစီနိုအပန်းဖြေစခန်းမှ Only World Group ကုမ္ပဏီရှိ နိုင်ငံခြားသားအလုပ်သမားများအား အစိုးရပြဌာန်းချက်အား ဂရုမစိုက်ပဲ မတရားဖိနှိပ်၍ အလုပ်ချိန်ပိုမိုဆင်းခိုင်းခြင်းနှင့် စပ်လျဉ်း၍ မြန်မာအလုပ်သမားများ ဦးဆောင်ဆန့်ကျင်ကြရာ ဆန့်ကျင်ရာတွင်ပါဝင်သည့် မြန်မာလူငယ်ငါးဦးမှာ ကုမ္ပဏီ Meeting အတွင်း ကုမ္ပဏီ၏ ဆုံးဖြတ်ချက်အား မကျေနပ်ကြောင်း ပြသသည့်အနေဖြင့် အလုပ်နှုတ်ထွက်လွှာတွင် လက်မှတ်ထိုးကာ ကုမ္ပဏီဆုံးဖြတ်ချက်အား မပြင်ပေးလျှင် မြန်မာအလုပ်သမားအားလုံး အလုပ်မှထွက်မည်ဖြစ်ကြောင်း ဆန္ဒပြခဲ့ကြောင်း၊ အဆိုပါလူငယ်ငါးယောက်၏ ဦးဆောင်လှုပ်ရှားမှုကြောင့် တခြားမြန်မာများပါ တက်ကြွစွာပါဝင်လာပြီး ကုမ္ပဏီ၏ တစ်နေ့အလုပ်ချိန် ၁၂နာရီ+အိုတီ အစီအစဉ်ကို ဆက်လက်ဆန့်ကျင်ကြရာ ၃.၁.၂၀၁၃ နေ့တွင် ကုမ္ပဏီမှ အလုပ်သမားများ၏ ဆန္ဒကို လိုက်လျောခဲ့ရပြီး အစိုးရသတ်မှတ်ချက်အတိုင်း နားချိန်တစ်နာရီအပါအ၀င် တစ်နေ့အလုပ်ချိန်ကိုးနာရီ သတ်မှတ်ပေးခဲ့ကြောင်း၊ အဆိုပါဖြစ်ရပ်ကြောင့် နဂိုမူလက Genting Highland တောင်ပေါ်ရှိ ရှိသမျှ ပုဂ္ဂလိကကုမ္ပဏီအားလုံး လက်ဝါးချင်းရိုက်ကာ အစိုးရသတ်မှတ်ချက်အား ဖုံးကွယ်ထားပြီး နိုင်ငံခြားသားအလုပ်သမားများအား ဆက်လက် မတရားအလုပ်ခိုင်းစေရန် စီစဉ်ထားမှုကို ပျက်ပြားသွားစေခဲ့ကြောင်း၊ သို့သော် အဆိုပါလှုပ်ရှားမှုအတွင်း ဦးဆောင်ဆန့်ကျင်ခဲ့သူ မြန်မာလူငယ်ငါးဦးမှာ ၎င်းတို့အနစ်နာခံ၍ ရရှိလာသည့် အခွင့်အရေးများအား ခံစားခွင့်မရတော့ကြောင်း၊ ၎င်းတို့၏ နှုတ်ထွက်စာအား ကုမ္ပဏီကအတည်ပြုလိုက်ပြီး နောက်နောင် ယခုကဲ့သို့ နိုင်ငံခြားသားအလုပ်သမားများ၏ ဆန့်ကျင်မှုများ မဖြစ်စေရန်အတွက် ၎င်းတို့ကို မြန်မာနိုင်ငံသို့ ပြန်ပို့ရန်စီစဉ်ကြောင်း သိရသည်။ မြန်မာလူငယ်ငါးဦး၏ အနစ်နာခံမှုကြောင့် အဆိုပါကုမ္ပဏီရှိ မြန်မာနိုင်ငံသား အလုပ်သမားများတင်မက နီပေါ၊ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အလုပ်သမားများပါ အစိုးရသတ်မှတ်ချက်အတိုင်း အခွင့်အရေးအပြည့်ရရှိခဲ့ကြောင်း သိရှိရပါသည်။ မိမိအကျိုးအား မငဲ့ပဲ ဘ၀တူအလုပ်သမားများအတွက် စွန့်လွှတ်အနစ်နာခံ ဦးဆောင်ခဲ့ကြသည့် အဆိုပါမြန်မာလူငယ်ငါးဦးအား ကမ္ဘာ့ ရွာကလေးမှ လေးစားစွာ မှတ်တမ်းတင် ဂုဏ်ပြုလိုက်ပါသည်။

ကမ္ဘာ့ ရွာကလေးနှင့် မြန်မာအွန်လိုင်းမီဒီယာဂရုပ်

0 မှတ်ချက်များ: